Saturday, November 10, 2018

အသစ်သောအရာတွေ လုပ်ဆောင်ချင်တဲ့ဘုရားသခင်


ဖြစ်ဘူးသောအရာတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတို့ကို ပမာဏမပြုကြနှင့်။ ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခုပေါ်လာ လိမ့်မည်။ သင်တို့သည် အမှန်သိမြင်ရကြ လိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကို၎င်း၊ လွင်ပြင်၌ စီးသောရေကို၎င်း ငါဖန်ဆင်းမည်။ (ဟေရှာ ၄၃း၁၈-၁၉)

ဟေရှာယ၏ ရေးသားသောအရာမှာ ဣသရေလလူမျိုးတို့သည် ဘာမျှမရှိ ကတုံးဖြစ်နေသည့် သူတို့ တိုင်းပြည်အခြေအနေတွင် သူတို့သည် သူ့ကျွန် ဘဝရောက်နေသည်။ သူတို့သည် မည်သည့်အရာမျှ တော့ဟု ခံစားနေချိန်ဖြစ်သည်။ သူတို့သည် မိမိ၏ ဌာနကို လွမ်းဆွတ်နေချိန်တွင် ဘုရားသခင်က ကတိပြု ပြောဆိုထားသောအရာဖြစ်သည်။ ဣသရေလလူမျိုးတို့အနေဖြင့် ယခုအချိန်တွင် ဘုရားသခင် ပြုတော်မူမည့် အသစ်သော လုပ်ဆောင်ချက်များကို မျှော်လင့်နေမိသည်။ လက်ရှိ အခြေအနေတွင် ဘုရားသခင်က အခြေအနေဆိုးကို တွေ့ ကြုံစေ ခဲ့သော်လည်း ယခင်အတိတ်ကို ပြန်လည် စဉ်စားကြည့် ပါက အားရ စရာတွေ အများအပြားရှိသည်။ ထို့ကြောင့် ဣသရေလ လူတို့သည် အတိတ်ကို ပြန်စဉ်စားပြီး လက်ရှိအခြေအနေကို ငြီတွားနေကြသည်။ ထို့ကြောင့် ဘုရားသခင်က သူတို့ကို အထက်ပါ နှုတ်ခ ပတ်တော်ဖြင့် စကားပြောဆိုခြင်း ဖြစ်ပါသည်။ ထိုနှုတ်ခပတ်တော်ကို ဆင်ခြင် ကြည့်ကြပါစို့။

အောက်ပါအတိုင်း အဆင့် များခွဲကာ လေ့လာဆင် ခြင်နိုင်ပါသည်။

ပထမအချက်

အနေဖြင့် ဘုရားသခင်သည် သင့်အသက်တာထဲတွင် အသစ်သောအမှုပြုနိုင်ရန် သင်ကြည့်နေသော အမြင်များကို ပြောင်းလဲပစ်ရမည်။ နောက်ကို လှည့်မကြည့်ပါနှင့်။ အတိတ်ကိုသာ ထားခဲ့ပါ။

သင်သည် နောက်ကိုသာ လှည့်ကြည့်နေဦးမည်ဆိုပါက သင်သည် ရှေ့ကို မြင်နိုင်ပါဦးမည်လား။ အတိတ်ကိုသာ ထားခဲ့ပါ။ အသစ်သော အရာများက သင့်ထံသို့ အမြဲတမ်းရွေ့လျားနေချင်ပါသည်။ သင်ဟာ အတိတ်က အောင်မြင်မှုတွေ အပေါ်မှာ မည်သို့မျှ ရပ်တည်နေ၍ မရနိုင်ပါ။ အတိတ်အရာတွေကို မေ့ပစ်လိုက်ပါ။

ဣသရေလ လူတို့တွင် အတိတ်မှာ အောင်မြင်မှုတွေ အများအပြား ရှိထားသည်။ သူတို့၏အတိတ်သည် အလွန် အားရစရာ ကောင်းလှပါသည်။ ပြန်စဉ်းစား ကြည့်ပါ။ အောက်ပါအချက်များက သူတို့ သမိုင်း တစ်လျှောက်တွင် မည်သို့မျှ မေ့မရနိုင်သည့် အဖြစ်အပျက်များဖြစ်သည်။
  1. အဲဂုတ္တုပြည်မှ နိမိတ်လက္ခဏာများခံစားပြီး ထွက်ခွာနိုင်ခဲ့ခြင်း
  2.  ယေရိခေါ်မြို့ကို အောင်မြင်ခြင်း
  3. တရားသူကြီးခေတ် တစ်လျောက် ဦးဆောင်ခဲ့သော ခေါင်းဆောင်ကောင်းများ . . . အစရှိသည်ဖြင့် ပြန်လည်တွေးတောမိတိုင်း အားရစရာ ကောင်းနေ ပါသည်။ သို့သော် ထိုအောင်မြင်မှုများကို ပြန်လည် စဉ်စား ပြီး ယခုအချိန်တွင် သာယာနေ၍ မဖြစ်နိုင်တော့ချေ။

အခုချိန်မှာတော့ သူတို့ဟာ ကျွန်ဘဝကို ရောက်ရှိနေပါသည်။ အတိတ်မှ အောင်မြင်မှုများသည် သူတို့ကို လွတ်မြောက်ခြင်း ပေးနိုင်သည့် အခြေအနေတွင် မရှိပါ။ သူတို့အတွက် နိမိတ်လက္ခဏာအသစ်၊ အလုပ်သစ်၊ အခြေအနေသစ်များ လိုအပ်နေပါသည်။ ယခုအချိန်တွင် ဘုရားသခင် မိမိတို့ အတွက် ဘာတွေ လုပ်ပေးခဲ့ပြီဆိုသည်ကို စဉ်စားကြည်နူးရမည့် အချိန်မဟုတ်တော့်ပါ။ ထိုအရာများကို ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေရန် ပြန်လည် သက်သေခံနိုင်ပါသည်။ သို့သော် ထိုအရာများပေါ်တွင် ရပ်တည်နေ၍ မဖြစ်နိုင်ပါ။ လက်ရှိ အခြေအနေအရ စဉ်စားသင့်သော အရာများ (သို့) ဖြစ်သင့်သော မေးခွန်းများမှာ

ဘုရားသခင် ကျွန်တော်တို့အသက်တာကို မည်ကဲ့သို့ လုပ်ဆောင်ဘို့ အစီအစဉ်ရှိပါသနည်း။
ကျွန်တော်တို့ ဘုရားသခင်အတွက် မည်သည့်အရာများကို လုပ်ဆောင်ပေးရပါမည်နည်။


ဒုတိယအချက်

ခရစ်တော်ထံမှ အသစ်သောအရာတွေကို သင်မျှော်လင့်နေတယ်ဆိုရင် သင့်ရဲ့ ကျဆုံးခြင်းတွေကလည်း သင့်ကိုပိုင်ဆိုင်မှု မပြုပါစေနှင့်။ အတိတ်ကို လုံးဝ မဆက်ဆံပါနဲ့။

ဣသရေလ လူမျိုးများသည် ဘုရားသခင်ကို စိတ်ဆိုးစရာတွေ ပြုမူခဲ့ပြီး ဆုံးရှုံးမှုတွေကို ခံစားခဲ့ရသည်။ ဘုရားသခင်က ကောင်းကြီးမင်္ဂလာတွေကို အစဉ်သွန်းလောင်းခဲ့သော်လည်း သူတို့ကအမြဲတမ်း ဆိုးသွမ်းမှုတွေနှင့်သာ တုန့်ပြန်ခဲ့သည်။ သူတို့လုပ်ဆောင် ပုံတွေကို ပြန်စဉ်စားကြည့်လျှင် အမှန်တကယ် ဝမ်းနည်းစရာတွေ အများအပြားရှိနေသည်။ ဘုရားသခင်ကို ဤလူမျိုးကို အမှန်တကယ်ချစ်ပြီး အမှန်တကယ် ကောင်းကြီးပေးရန် ခေတ်အဆက်ဆက် ပြင်ဆင်ခဲ့သော်လည်း ပြစ်မှားမှုတွေနှင့်သာ တုန့်ပြန်ခဲ့ သည်။ ထိုအရာများကြောင့် ဣသရေလလူမျိုးတို့ ကျဆင်းခဲ့ရသည်။ အတိတ်သမိုင်းကြောင်းက အမှား တွေကို ပြန်လည် ဆင်ခြင်ကြည့်ပါက အောက်ပါ အတိုင်း တွေ့ရှိရပါသည်။

  1. ဘုရားသခင်က ဗိမ္မာန်တော်ပေးခဲ့သည်။ သူတို့က ရုပ်တုတွေကိုသာ ဝတ်ပြုကိုးကွယ်ခဲ့သည်။
  2. ဘုရားသခင်က သမ္မာတရားကိုပေးခဲ့သည်။ သူတို့က မုသာတွေနှင့်သာ အသက်ရှင်ခဲ့ကြသည်။
  3. ဘုရားသခင်က ပညတ်တော်တွေပေးခဲ့သည်။ သို့သော် လူတို့၏ အကြံညဏ်များကိုသာ အား ကိုးခဲ့ကြသည်။
  4. ဘုရားသခင်က ကြွယ်ဝခြင်းတွေပေးခဲ့သည်။ သူတို့က ထိုအရာများကို အပြစ်တင်မှုများဖြင့် ဆင်းရဲခြင်းလမ်းကိုသာ ရွေးချယ်ခဲ့ကြသည်။
  5. ဘုရားသခင်က ကိုယ်တိုင် သူတို့ထံသို့ ပေးကမ်းခဲ့သည်။ သို့သော်သူတို့ ငြင်းဆန်ခြင်းမှတစ်ပါး အဘယ်အရာကိုမျှ ပြန်လည် မပေးခဲ့ပါ။

ဣသရေလလူမျိုးများသည် ဘုရားသခင်ထံမှ မည်သည့်အရာများကိုမျှ လက်ခံရန် ထိုက်တန် သည့်သူများ မဟုတ်ကြချေ။ သူတို့ကို ဘုရားသခင်က ချစ်နေသေးသည်။ သူတို့ကို ကူညီချင်သေးသည်။ ဘုရားသခင်က ပြောသောစကားများမှာ အတိတ်ကို မေ့လိုက်ပါ။ ငါအသစ်သောအမှုကို ပြုမည်။

“ဆိုးသောသူသည် မိမိလမ်းကို၎င်း၊ မတရားသောသူသည် မိမိအကြံတို့ကို၎င်း၊ စွန့်ပစ်၍ ထာဝရဘုရား ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြု လျှင် သနားတော်မူလိမ့်မည်။ ငါတို့ ဘုရား သခင်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။” (ဟေရှာ ၅၅း၇)

သင်သည် ဝိညာဉ်ရေးရာ အသက်တာကို ပိုမိုကောင်းကြီးမင်္ဂလာခံစားလိုပါလျှင် နားလည်ရမည့် အရာတစ်ခုမှာ မနေ့က ယုံကြည်ခြင်းကို သင်မှီခို နေ၍မရပါ။

အစ္စရေးလူမျိုးတို့၏ ဝိညာဉ်ရေး ကောင်းကြီမင်္ဂလာများမှာ အံ့သြစရာဖြစ်ပေသည်။ ပထမဦးစွာ ပဿခါပွဲ၊ ပင်လယ်နီ ဖြတ်ကျော်ခြင်း၊ ခါနန်ပြည် အောင်ပွဲ၊ ဗိမ္မာန်တော် တည်ဆောက်ခြင်း၊ ဣသရေလ လူမျိုးတို့တွင် ဘုရားသခင်၏ လက်တော် ကြီးမားပုံကို ခံစားရခြင်း၊ စသည်တို့သည် သူတို့၏ ယုံကြည်ခြင်းထဲမှာ ဘုရားသခင် အလုပ်လုပ်ဆောင် သွားပုံများဖြစ်ကြသည်။ သို့သော် ထိုအရာများသည် ယခုအချိန်တွင် ဣသရေလ လူမျိုးများကို ထိုယုံကြည် ခြင်းများက မည်သည့် ဖြစ်ထွန်း အောင်မြင်မှုကိုမျှ စွမ်းဆောင်ပေးနိုင် ခြင်းမရှိခဲ့ပါ။ အတိတ်က ယုံကြည်ခြင်းသည် သူတို့၏ပြဿနာများကို ပြန်လည်ဖြေရှင်းရန် မလုံလောက်ခဲ့ချေ။ သူတို့သည် လက်ရှိပြဿနာကို ဖြေရှင်းရန် အသစ်သော ယုံကြည်ခြင်းများဖြင့် အသက်ရှင်ရမည်ဖြစ်သည်။ အောက်တွင်ဖော်ပြထားသော ဆာလံကျမ်းက လက်ရှိအချိန်အတွက် အသက်ရှင်ရမည့် ပုံစံကို ဖော်ပြထား ပါသည်။ အတိတ်ကို ရည်ညွှန်းသော အသက်ရှင်မှုမပါဘဲ လက်ရှိ အချိန်ကိုသာ ရည်ညွှန်းပြောဆိုနေသည်။


ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို အမှီပြု၍ ဝမ်းမြောက်ပါမည့်အကြောင်း၊ တဖန်ကျွန်ုပ် တို့ကို အသက်ရှင် စေတော် မူမည် မဟုတ်လော။ အိုထာဝရဘုရား ကျွန်ုပ်တို့အား ကရုဏာတော် ကိုပြ၍ ကယ်တင်တော်မူခြင်း ကျေးဇူးကိုပြုတော်မူပါ။ ထာဝရအရှင် ဘုရားသခင်သည် အဘယ်သို့ မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ် စင်စစ်၊ မိမိ သန့်ရှင်းသူ တို့အား ငြိမ်သက်ခြင်း အကြောင်းကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင် မိုက်သော အကျင့်ကို မကျင့်ကြပါစေနှင့်။ (ဆာလံ ၅၅း၆-၈)
ဘုရားသခင်လုပ်ချင်သော အသစ်သောအရာကို မြင်တတ်ရမည်။ ထိုအရာကိုသာ အမှီပြုရမည် ဖြစ်ပါသည်။ သင့်အာရုံကို ရှင်းရှင်း လင်းလင်း ထားပါ။ ဘုရား သခင် သင့်အသက်တာမှာ လုပ်စေချင်သောအရာဟူသည်မှာ

ဖြစ်ဘူးသောအရာတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏ အရာတို့ကို ပမာဏမပြုကြနှင့်။ ကြည့် ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခုပေါ် လာလိမ့်မည်။ သင်တို့သည် အမှန် သိမြင်ရ ကြလိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကို၎င်း၊ လွင်ပြင်၌ စီးသောရေကို၎င်း ငါဖန်ဆင်း မည်။ (ဟေရှာ ၄၃း၁၈-၁၉)
သင့်အသက်တာကို သင်ကြည့်လိုက်တဲ့အခါ ဘာကိုမြင်တွေ့ပါသလဲ။ ပြဿနာတွေကို မြင်တွေ့ နေပြီလား။ သို့ဆိုပါလျှင် ဘုရားသခင်က သင့်အသက်တာထဲမှာ ကောင်းကြီးမင်္ဂလာကို စီးဆင်းစေမည့် လမ်းကြောင်းကို လုပ်ချင်သော ဘုရားဖြစ်သည်။ လွင်ပြင်တွေကို ဘုရားသခင်က ရေစီး ကြောင်းတွေ ပြု လုပ်ချင်သည်။

ဣသရေလ လူမျိုးများ ရွေးချယ်ရမည့်အရာများ ရှိနေပါသည်။ အတိတ်နှင့် ပစ္စုပ္ပန်အကြားတွင် ချိန်ညှိပြီးမြင်တတ်ဘို့ လိုအပ်ပါသည်။ ဘုရားသခင် ဘာလုပ်စေချင်ပါသလဲ။ ဘုရားသခင် လုပ်ဆောင်မည့် အရာမှာ

တော၌ လမ်းကို ငါပြုမည်ဟု ရေးသားထားပါသည်။

လွင်ပြင်မှာ စမ်းချောင်းလေးတွေကို ဖြစ်စေမည်ဟု ရေးသားထားပါသည်။ ထိုအရာများမှာ ဘုရား သခင်လုပ်ချင်သောအရာများ ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင့်အသက်တာထဲမှာ ထူးခြားမှုတွေကို ဆောင်ရွက်ချင်ပါသည်။ သင်ကိုတိုင်က အတိတ်ကို အားကျခြင်းတွေ၊ အတိတ်ကို မုန်းတီးခြင်းတွေ မဖြစ်စေချင်ပါ။ အသစ်သောအရာကို ဘုရားသခင်လုပ်ချင်ပါသည်။ ဘုရားသခင် လုပ်ချင်တဲ့ ရည်၇ွယ်ချက်တွေကို သိစေဘို့ အတွက် ဘုရားသခင်ကသင့်ကို ဘယ်လိုကြည့်သလဲဆိုတာကို သင်ကိုယ်တိုင်က ဘုရားသခင်မြင်တဲ့ အမြင်မျိုးနဲ့ မြင်ကြည့်ဘို့ အရေးကြီးပါတယ်။ ဘုရားသခင် တည်ဆောက်စေချင်တဲ့ လမ်း တွေ၊ စမ်းချောင်းတွေဆို တာ အသက်တာထဲမှာ ထူးခြားတဲ့ အရာတွေဘဲ ဖြစ်တယ်မဟုတ်လား

တတိယအချက်

သင့်အသက်တာကို ဘုရားသခင်ရဲ့ အကြံအစည်တော်ထဲမှာ ဆက်ကပ်အသက်ရှင်ပါ။

ဘုရားသခင်သည် ဣသရေလလူများကို အဲဂုတ္တုမှ နို့နှင့်ပျားရည်စီးသော တိုင်းပြည် ခါနန်ပြည်သို့ ပို့ဆောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ကောင်းကြီး မင်္ဂလာခံစားစေဘို့ ဖြစ်သည်။ ကတိတည်ကြောင်းကို ပြသလို၍ဖြစ်သည်။ ထိုအရာမှာ အတိတ်ကဖြစ်သည်။ ယခုလည်း သူတို့သည် ဗာဗုလုန်တိုင်းနိုင်ငံကြီးမှ ဣသရေလ တိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ ထိုသူတို့ ကောင်းကြီးမင်္ဂလာ ခံစားစေဘို့ဖြစ်သည်။ အစ္စရေးနိုင်ငံသို့ ခေါ်ဆောင် လာခဲ့ပြီး ဖြစ်သည်။ ကောင်းကြီးမင်္ဂလာ ခံစားစေဘို့ဖြစ် သည်။ သူတို့သည် ယခုအချိန်တွင် ဘုရားသခင်ကို ဆက်လက်ငြင်းဆန်နေပါ သေးလျှင်၊ သူတို့သည် ဘုရားသခင်၏ဦးဆောင်ခြင်းကို ဆက်လက် ငြင်းပယ်နေပါသေးလျှင် သူတိုသည် သေခြင်းတွင် ပျက်စီးရတော့မည် ဖြစ်သည်။

ဘုရားသခင်သည် သင့်အသက်တာတွင် လုပ်ဆောင်ချင်သောအရာတွေ အများအပြားရှိနေပါသည်။ ဆက်လက် ပြင်ဆင်ပေးမည့်အရာတွေ ရှိနေပါ သည်။ ကိုယ်တော်၏နောက်ကိုသာ လိုက်ကြပါ။

ထာဝရဘုရားသည် ငါတို့၏ ဘုရားဖြစ်တော်မူ၏။ ငါတို့သည်လည်း အထံတော်၌ ကျက်စားသောသူ၊ လက်တော်အောက်၌ နေသော သိုးစု ဖြစ်ကြ၏။ ယနေ့တွင် သင်တို့သည် ဗျာဒီတ်တော် အသံကိုကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ် ပတ်လုံး ငါ့ကို အနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသော တောတွင် ငါ့ကိုဆန့်ကျင်ဘက်ပြု ၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိကြစေနှင့်။ (ဆာလံ ၉၅း၇-၉)

ကျွန်တော်တို့၏ လက်ရှိအခြေအနေတွင် ခက်ခဲမှုများ အဆင်မပြေမှုများ ကြုံတွေ့နေရသောအချိန် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဣသရေလ လူမျိုး များတွင် သွန်သင်ခဲ့သော အထက်ပါ အချက်သုံးချက်ဖြင့် တည်ဆောက်ခွန်အားယူနိုင်ကြပါစေ။ (အာမင်)

No comments:

Post a Comment